Saturday 8 October 2022

အေရီရယ် သင်တန်းကျောင်း

အေရီရယ်သည်  မြန်မာနိုင်ငံတဝန်းရှိ အခြေခံပညာ ကျောင်းသူ/သားများအား အရည်အသွေးပြည့်ဝသော ပညာရေးဖြင့် ပံ့ပိုးကူညီသည့် ကလေးဒေသအခြေပြု သင်တန်းကျောင်းများ စုစည်းထားခြင်းဖြစ်ပါသည်အေရီရယ် သည် ကလေးဒေသရှိ ဆရာ၊ ဆရာမများသာမက မြန်မာနိုင်ငံဒေသအသီးသီးရှိ ဆရာ၊ ဆရာမများ၊ ကျွမ်းကျင်ပညာရှင်များ၊ လူငယ်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ထောင်ထားသည့် နည်းပညာသင်တန်းကျောင်းဖြစ်ပါသည်။

 


အေရီရယ်သင်တန်းကျောင်း၏ မျှော်မှန်းချက်

ကျောင်းသူ/သားများ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာပိုင်းဆိုင်ရာ သင်ကြားသင်ယူမှုဖြစ်စဉ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူသားဆန်သည့် လူ့အသိုက်အဝန်းသစ်တစ်ခု ပေါ်ပေါက်လာစေရန် မျှော်ရည်သည်။

 

အေရီရယ် သင်တန်းကျောင်း ၏ လုပ်ငန်းဖော်ပြချက်

ပညာရည်မြင့်မားကောင်းမွန်မှုကို အားပေး၍ ပညာသင် အခွင့်အလမ်းများအတွက် ကျောင်းသူ/သားများ၏ ကြိုးပမ်းပြင်ဆင်မှုနှင့် ပညာရေးအောင်မြင်မှုများအား မြှင့်တင်ပေးနိုင်ရန် အလေးထား ဆောင်ရွက်မည်။

 

အေရီရယ်သင်တန်းကျောင်း၏ ယုံကြည်ချက်

၁။ ပညာရေးဆိုသည်မှာ ကျောင်းသူ/သားများ၊ သင်တန်းကျောင်း (အေရီရယ်) နှင့် အိမ် (မိသားစု) တို့၏ စုပေါင်းတာဝန်ယူမှုဖြစ်သည်။

၂။ ကျောင်းသူ/သားအားလုံး လေ့လာ သင်ယူတတ်မြောက်နိုင်စေရန် အခွင့်အလမ်းများကို ဖန်တီးပေးရမည်။

၃။ ကျောင်းသူ/သားများသည် မိမိတို့၏ ပညာရေးအတွက် တာဝန်ယူမှုရှိရမည်။

၄။ ဘဝတစ်သက်တာလေ့လာသင်ယူရေးသည် လူတယောက်အတွက် မရှိမဖြစ် အရေးပါသည်။

၅။ ကျောင်းသူ/သားများသည် အပြုသဘောဆောင်၍ ဘေးကင်းလုံခြုံသောပတ်ဝန်းကျင်၌ လေ့လာသင်ယူကြရမည်။

၆။ ကျောင်းသူ/သား တစ်ဦးချင်းစီသည် ထူးခြားပြီး မိမိကိုယ်မိမိ တန်ဖိုးထားတတ်ကြသည်။

 

လူ့အခွင့်အရေးနှင့် ဆိုက်ဘာလုံခြုံမှုဆိုင်ရာ မူဝါဒများ

၁။ အေရီရယ်သင်တန်းကျောင်း သည် ကျောင်းသူ/သားများ၊ ဆရာ/မများ၊ ကျောင်းကောင်စီဝင်များ၊ မိဘ အုပ်ထိန်းသူများ၏ အခွင့်အရေး၊ တာဝန်ယူတာဝန်ခံမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် အထူးအလေးထားပြီး  ဘက်မလိုက်မူဝါဒဖြင့် ကျင့်သုံးဆောင်ရွက်သည်။

၂။ ကျောင်းအပ်နှံလွှာနှင့် ဝန်ထမ်းစာရင်း ပေးသွင်းလွှာများတွင် ဖြည့်သွင်းထားသည့် ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများ၏ အချက်အလက်များကို အေရီရယ်မော်ကွန်းတိုက်တွင် လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိမည်။

၃။ ဆရာ/မများအပါအဝင် ကျောင်းသား/သူများ၏ အချက်အလက်များကို ပညာသင်ကြားမှုနှင့် ပညာရည် စစ်ဆေးတိုင်းတာမှုဆိုင်ရာ ကိစ္စရပ်များမှအပ အခြား မည်သည့်ရည်ရွယ်ချက်နှင့်မျှ အသုံးပြုမည်မဟုတ်ပါ။

၄။ ကျောင်းသား/သူများနှင့် ဆရာ/မများ၏ အချက်အလက်များကို အေရီရယ်သင်တန်းကျောင်း၏ ထိန်းသိမ်းစီမံပိုင်ခွင့်ရှိသည့် ကျောင်းကောင်စီဝင်များ မှအပ အခြား မည်သူ (သို့) မည်သည့်အဖွဲ့အစည်းကိုမျှ ထုတ်ဖော်ပြောဆိုခြင်း၊ ဖြန့်ဝေခြင်း၊ အသိပေးခြင်း၊ အသုံးပြုခွင့်ပေးခြင်းမျိုး ပြုလုပ်မည်မဟုတ်ပါ။

၅။ အေရီရယ်သင်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/သူ (သို့) ဆရာ/မ တစ်ဦးဦး၏ အချက်အလက် တစုံတရာ ပေါက်ကြားမှု (သို့) အလွဲသုံးစားမှု ရှိခဲ့ပါက ကျူးလွန်သူသည် (ကျောင်းကောင်စီဝင်ဖြစ်စေ၊ ဆရာ/မဖြစ်စေ၊ မိဘအုပ်ထိန်းသူဖြစ်စေ၊ ကျောင်းသား/သူဖြစ်စေ) ထိရောက်စွာ အရေးယူခြင်းခံရမည်။

 

တရားဝင်ဆက်သွယ်မှုနည်းလမ်းများ

အေရီရယ်သင်တန်းကျောင်း၏ ပုဂ္ဂိုလ်ရေးနှင့် ဆိုက်ဘာလုံခြုံမှုဆိုင်ရာမူဝါဒများအရ တရားဝင်ဆက်သွယ်မှုနည်းလမ်းများအဖြစ် အီးမေးလ်နှင့် မိုက်ခရိုဆော့ဖ် နည်းပညာများကိုသာ အသုံးပြုမည်ဖြစ်ပါသည်။

 

ဝန်ထမ်းဆရာ၊ ဆရာမများအတွက် အစီအစဥ်များ

အေရီရယ်သင်တန်းကျောင်း၏ သင်ကြားရေးလုပ်ငန်းများသည် အွန်လိုင်းအခြေပြု (Online based) ဖြစ်သည်နှင့်အညီ တာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအတွက် လိုအပ်ချက်အပေါ်မူတည်သော မိုဘိုင်းဒေတာ၊ မိုက်ခရိုဆော့ဖ့် နည်းပညာများ စသည်တို့ကို အထောက်အပံ့ ပေးအပ်မည်ဖြစ်ပါသည်။ အေရီရယ်သင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဆရာ၊ ဆရာမများ၏ သက်မွေးအတတ်ပညာဖွံ့ဖြိုးရေး အတွက်လည်း ပံ့ပိုးကူညီမည့်အစီအစဉ်များလည်းရှိပါသည်။

 

စတင်သင်ကြားသည့်နေ့ရက်

အေရီရယ်သင်တန်းကျောင်း၏ အားလုံးပါဝင်နိုင်စေရေးမူဝါဒအရ  ကျောင်းအပ်နှံထားသည့်  ကျောင်းသူ၊ ကျောင်းသားများအားလုံးအား  ကျောင်းဝင်ခွင့်ပေးအပ်၍ ပညာသင်ယူခွင့်ပြုသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့တွင် အတန်းအသီးသီးအား စတင်ဖွင့်လှစ်သင်ကြားသည်။